Banana Export Information

ငှက်ပျောစိုက်ပျိုးသူများ လိုက်နာဆောင်ရွက်ရမည့်အချက်များ

  • ငှက်ပျောသီး Musa sapientum ဖြစ်ရမည်။
  • ပန်းပွင့်ပြီး (၁၀) ပါတ်မှ (၁၁) ပါတ်အတွင်း အစိမ်းရောင်ရှိနေချိန်တွင် ခူးဆွတ်ရမည်။
  • အမှည့်လွန်နေသော အဝါရောင်ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ ခွင့်ပြုမည် မဟုတ်ပါ။
  • ငှက်ပျောစိုက်တောင်သူများသည် တရုတ်နိုင်ငံမှ သတ်မှတ်ထားသော ထိန်းချုပ်ဖျက်ပိုးများ မရှိစေရေး (သို့မဟုတ်) အနည်းဆုံးဖြစ်စေရေးအတွက် အသီးရင့်မှည့်မှုထိန်းချုပ်ခြင်း၊ အိတ်စွပ်ခြင်း၊ ပိုးမွှားကျရောက်မှု စောင့်ကြည့်စစ်ဆေးခြင်းနှင့် ရိတ်သိမ်းချိန်လွန် ဆေးစီရင် ခြင်း နည်းလမ်းများကို အသုံးပြု၍ ဆောင်ရွက်ရမည်။
  • ငှက်ပျောစိုက်တောင်သူများသည် ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းအတွက် စိုက်ပျိုးရေးသုံး ဓါတုပစ္စည်းများ စနစ်တကျသုံးစွဲခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP) စံချိန်စံနှုန်းနှင့် အညီလိုက်နာ ဆောင်ရွက်ရမည်။ 
 တင်ပို့သူများလိုက်နာဆောင်ရွက်ရမည့်အချက်များ
  • တင်ပို့မည့် ငှက်ပျောသီးများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အပင်ပိုးမွှား ကင်းရှင်းရေးဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပြီး တရုတ်နိုင်ငံက သတ်မှတ်ထားသော ထိန်းချုပ်ဖျက်ပိုးများကင်းရှင်း၍ အခြားမည်သည့် အကိုင်းများ၊ အရွက်များနှင့် မြေကြီးများ ပါဝင်မှု မရှိစေရဘဲ သတ်မှတ်ထားသည့် ဝင်ပေါက်များမှတစ်ဆင့် လေကြောင်း/ရေကြောင်းကဖြစ်စေ နယ်စပ်ကဖြစ်စေ ဝင်ရောက်ရပါမည်။
  • ​ငှက်ပျောသီးများအတွင်းရှိစိုက်ပျိုးရေးသုံး ဓါတုပစ္စည်းများနှင့်အခြားအဆိပ်ရှိပစ္စည်း များ၏ ဓါတ်ကြွင်းများသည် တရုတ်နိုင်ငံ၏ဥပဒေများနှင့်လုပ်ထုံးလုပ်နည်းများတွင် ပြဌာန်းသတ်မှတ်ထားသည့် အမြင့်ဆုံးဓါတ်ကြွင်းပမာဏ (MRL) ကို မကျော်လွန်ရပါ။
  • ထုပ်ပိုးရုံများသည် သန့်ရှင်းသပ်ရပ်ကာ ဖျက်ပိုးများမရှိစေရပါ။
  • ရိတ်သိမ်းချိန်လွန် ပြုပြင်စီမံမှုပြုလုပ်စဉ်နှင့် ထုပ်ပိုးစဉ်ကာလအတွင်း ငှက်ပျောသီးများကို သန့်စင်စေရန်၊ အင်းဆက်ဖျက်ပိုးများနှင့် အခြားပစ္စည်းများကို ဖယ်ရှားရန်၊ တရုတ်နိုင်ငံက သတ်မှတ်ထားသော ထိန်းချုပ်ဖျက်ပိုးများ ကင်းရှင်းစေရန် ငှက်ပျောသီးများကိုရေတွင် နှစ်မြှုပ်ပေးရမည်။
  • ထုပ်ပိုးပစ္စည်းများသည် အသစ်ဖြစ်၍ သန့်စင်မှုရှိရမည်၊ ဖျက်ပိုးများနှင့် အဆိပ်ရှိပြီး အန္တရာယ်ရှိသောပစ္စည်းများ မပါရှိရပါ။
  • သစ်သားထုပ်ပိုးပစ္စည်းများသည် အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းနံပါတ် ၁၅ ( ISPM 15 ) နှင့် ကိုက်ညီမှု ရှိရ မည်။
  • သစ်သားခုံအသီးသီးတွင် အောက်ပါအမှတ်အသားများ/အညွှန်းစာကို တရုတ်ဘာသာ (သို့မဟုတ်) အင်္ဂလိပ်သာသာဖြင့် “Exported to the People’s Republic of China” (输往中华人民共和国)’ ဟု ဖော်ပြထားရမည်။ သစ်သားခုံမပါသော သေတ္တာအသီးသီးပေါ် တွင်လည်း တူညီသည့် အမှတ်အသား များကို တံဆိပ်ရိုက်ဖော်ပြရမည်။
  • ငှက်ပျောသီးများကို စိမ်းနေစေရန်နှင့် တရုတ်နိုင်ငံ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီ စေရန် တင်ပို့မှုမပြုမီ အပင်ပိုးမွှားကင်းစင်ရေးဆိုင်ရာ စစ်ဆေးခြင်းကိုခံယူရမည်။

စစ်ဆေးသူလိုက်နာဆောင်ရွက်ရမည့်အချက်များ

  • ငှက်ပျောစိုက်ခင်းများတွင် ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်းအစီအမံများကို ကြီးကြပ် ဆောင်ရွက်ရမည်။
  • တရုတ်နိုင်ငံမှ သတ်မှတ်ထားသော ထိန်းချုပ်ဖျက်ပိုးများ ပါဝင်မှုမရှိစေရေး (သို့မဟုတ်) အနည်းဆုံး ဖြစ်စေရေးအတွက် အသီးရင့်မှည့်မှုထိန်းချုပ်ခြင်း၊ အိတ်စွပ်ခြင်း၊ ပိုးမွှားကျရောက်မှု စောင့်ကြည့် စစ်ဆေးခြင်းနှင့် ရိတ်သိမ်းချိန်လွန် ဆေးစီရင်ခြင်းစသည့် နည်းလမ်းများကို ဆောင်ရွက်ရာတွင်  ကြီးကြပ် စစ်ဆေးရမည်။
  • တရုတ်နိုင်ငံ၏ အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီ စေရန်အတွက် စိုက်ပျိုးရေး သုံးဓါတုပစ္စည်းများ အသုံးပြုခြင်းအပေါ် ကြီးကြပ်ကွပ်ကဲခြင်း၊ ဓါတ်ကြွင်းစစ်ဆေးခြင်းများကို ပုံမှန်ဆောင်ရွက် ခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ကြီးကြပ်စစ်ဆေးဆောင်ရွက်ရမည်။ ၎င်းအချက်အလက်များကို GACC သို့ အချိန်နှင့် တပြေးညီ အသိပေး အကြောင်းကြားရမည် ဖြစ်သည်။
  • ငှက်ပျောသီးများကို စိမ်းနေစေရန်နှင့် တရုတ်နိုင်ငံ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် တင်ပို့မှုမပြုမီ အပင် ပိုးမွှားကင်းရှင်းရေးဆိုင်ရာ စစ်ဆေးခြင်းကို ဆောင်ရွက်ရမည်။ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည် အတွက် အပင်ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် ( Phytosanitary Certificate )  ထုတ်ပေးရမည်။